Friday, January 16, 2015


နှုတ်ခမ်းဆိုးဆေး (Lip Stick)
နှုတ်ခမ်းပေါ်မှာ နှုတ်ခမ်းဆိုးတဲ့အခါ အရောင်ဖြစ်ပေါ်လာမှု၊ ရွှုန်းစို တောက်ပမှု စတဲ့အနေအထားတွေကို ဂရုတစိုက်စိစစ်ရွေးချယ်ရသလို နှုတ်ခမ်းကို လှပသေသပ်အောင် ဆိုးတက်ဖို့လည်း လိုအပ်လှပါတယ်။ နှုတ်ခမ်းဆိုးရာမှာ ဦးစားပေး ဖြယ်သရမယ့် အမျိုးအစား ခြောက်မျိုးရှိပါတယ်။

အလင်းပိတ်နှုတ်ခမ်းနီ (Matte Lipstick)
နှုတ်ခမ်းပေါ်မှာ တောက်ပြောင်ခြင်းမရှိပဲ ခမ်မှိန်မှိန် အနေအထားမျိုးနဲ့ နှုတ်ခမ်းသားကို အရောင်အသွေး ရရှိစေပါတယ်။ ဒီအမျိုးအစားဟာ သုံးထားတဲ့ နှုတ်ခမ်းသားပေါ်မှာ ခြောက်သွေ့စေပြီး ကြာရှည်ခံတာကြောင့်လည်း သွေ့သွေ့လေးနဲ့ လှပနေတာပါ။ နှုတ်ခမ်းသားရဲ့ မူလအရောင်အသွေးကို ထွင်းဖောက်မမြင်နိုင်အောင် အကာအကွယ်ပြုပေးထားလို့ အလင်းပိတ်နေတာမျိုး ဖြစ်နေပါတယ်။ အသွေးကျပြီး အရောင်မှိုင်းတဲ့ နှုတ်ခမ်းဆိုးဆေး အမျိုးအစားဖြစ်တာကြောင့် နုပျိုတာတို့၊ နှုတ်ခမ်းသားပြည့်တင်းနေတာမျိုးကို ဖြစ်ပေါ်ခြင်း မရှိစေပါဘူး။

ခရင်မ် နှုတ်ခမ်းဆိုးဆေး ( Cream Lipstick)
ခရင်မ်နှုတ်ခမ်းဆိုးဆေးက အလင်းပိတ်နှုတ်ခမ်းနီ (matte lipastick) ထက်ပိုပြီး နူးညံ့ပါတယ်။ ပျားဖယောင်းထည့်သွင်းထုတ်လုပ်ထားတဲ့ နှုတ်ခမ်းနီ အမျိုးအစားဖြစ်လို့ နှုတ်ခမ်းဟာ ခြောက်သွေ့မနေဘဲ စိုစိုထွေးထွေးလေး ဖြစ်နေစေတာပါ။ ခရင်မ်အနေနဲ့  ထုတ်လုပ်ထားတာဖြစ်လို့ စွယ်စုံသုံးနိုင်ပြီး လူကြိုက်များတဲ့အပြင် အလင်းပိတ် နှုတ်ခမ်းနီ (matte lipstick) လို ခြောက်သွေ့တာမျိုး မဟုတ်လို့လည်း ရွေးချယ်အသုံးပြုတာများခြင်း ဖြစ်ပါတယ်။ တာရှည်ခံတဲ့ အမျိုးအစားထဲမှာ မပါဝင်လို့ မကြာခဏ တော့ ထပ်ဆိုးနေရပါလိမ့်မယ်။

အလင်းပြန်အားကောင်းတဲ့ နှုတ်ခမ်းနီ (Frost Lipstick)
လချေး (mica) ထည့်သွင်းဖော်စပ်ထားတဲ့ နှုတ်ခမ်းနီ အမျိုးအစား  ဖြစ်တာကြောင့် အလင်းပြန်အား ကောင်းပြီး ပြိုးပြိုးပျက်ပျက်နဲ့ လင်းလက်တောက်ပနေလို့ ထွင်းဖောက်မြင်နိုင်စွမ်း ရှိစေပါတယ်။ ဒီလိုဖြစ်နေပေမယ့် နှုတ်ခမ်းသားဟာ အနည်းငယ် ခြောက်သွေ့စေနိုင်ပါတယ်။ အသက်အရွယ် ကြီးရင့်သူတွေရဲ့ နှုတ်ခမ်းအတွက် တော့ အံ့သြစရာ မရှိသလောက်ပါပဲ။

ထွင်းဖောက်မြင်နိုင်တဲ့ နှုတ်ခမ်းနီ (Sheer lipstick)
အဆီဓါတ် ပါဝင်တာများလို့  နှုတ်ခမ်းသားရဲ့ အစိုဓါတ်ကို ထိန်းသိမ်းပေးနိုင်တာကြောင့် ချောမွေ့တောက်ပြောင်စေတာပါ။ သဘာဝနှုတ်ခမ်းသားထိအောင် ဖောက်ထွင်းမြင်နိုင်လို့ ကြည်ပြီးပါးတဲ့ နှုတ်ခမ်းနီ အမျိုးအစားထဲမှာ ပါဝင်ပါတယ်။ ဒါကြောင့် တာရှည်မခံတဲ့အတွက် မကြာခဏ ပြန်ပြန်ဆိုးပေးရပါတယ်။ ဂျဲလ်ပါးနီနဲ့ အလားသဏ္ဍာန်တူတဲ့အတွက် ဂျဲလ်နဲ့ အရောင်ထွက်တဲ့ ပစ္စည်းတွေကို ပေါင်းစပ်ထုတ်လုပ်ထားလို့ဖြစ်ပါတယ်။ နှုတ်ခမ်းအရောင် တင်ဆီ (Lip gloss) ထက်တော့ တာရှည်ခံပေမယ့် ခရင်မ်နှုတ်ခမ်းဆိုးဆေးလောက်တော့ မခံပါဘူး။ အထူးအလည် မြန်မြန် ဆန်ဆန် ပြင်ဆင်နိုင်တာကြောင့် အံ့သြလောက်အောင် လှပစေတာ ဖြစ်ပါတယ်။

နှုတ်ခမ်း အရောင်တင်ဆီ (Lip Gloss)
အစိုဓါတ်နဲ့ တောက်ပခြင်းကို ပေါ်လွင်ထူးကဲစေဖို့ထုတ်လုပ်ထားတဲ့ နှုတ်ခမ်းအရောင်တင်ဆီ အမျိုးအစားဖြစ်ပါတယ်။ နှုတ်ခမ်းကို ခြောက်သွေ့မှုမရှိအောင် ထိမ်းထားပေမယ့် အရောင်ရွှန်းလဲ့တောက်ပဖို့အတွက် မကြာခဏ ပြန်ဆိုးပေးနေရတက်ပါတယ်။ ဆိုးထားရင် တာရှည်ခံခြင်းမရှိလို့လည်း ထပ်ခါထပ်ခါ ပြန်ဆိုးပေးနေရတာပါ။ ဒီအရောင်တင်ဆီ နှုတ်ခမ်းနီဟာ အရောင်အနည်းငယ် ပါတက်တာ ဖြစ်လို့ ဆိုးထားတဲ့ နှုတ်ခမ်းကို ကြည့်လိုက်ရင် လန်းဆန်းပြီး တင့်တယ်နေတဲ့အတွက် အရွယ်မရွေးသုံးနိုင်တာပါ။ စနစ်တကျ သုံးစွဲမယ်ဆိုရင်တော့ နှုတ်ခမ်းသားကို ပြည့်တင်းတင်းလေး ဖြစ်ပေါ်စေရုံမက စွဲမက်ဖွယ်လည်း ရှိစေပါလိမ့်မည်။ အိုးပုံစံနဲ့ရော၊ ပြွန် (tube) ပုံစံနဲ့ရော၊ အတောင့်ပုံစံနဲ့ပါ ထုတ်လုပ်ထားပါတယ်။ ပုံဖော်ပြီး ဆိုးထားတဲ့ နှုတ်ခမ်းသား အပေါ်က အပြီးဆိုးလို့ ရသလို နှုတ်ခမ်းအလယ်သားတွေကိုပဲ ဆိုးဆိုးနှုတ်ခမ်းကို နူးညံ့ရွှန်းလဲ့ တောက်ပစေပါတယ်။

နှုတ်ခမ်းဆိုးဆေး ခဲတံ(Lip Pencil)
နှုတ်ခမ်းသားကို ပုံဖော်ဆိုးတဲ့ ခဲတံတစ်မျိုးပါ။ နှုတ်ခမ်းသားကို ဘောင်ခတ်လိုတဲ့အခါ သုံးတာဖြစ်ပါတယ်။ နှုတ်ခမ်းသား တစ်ပြင်လုံးကို ညီညာအောင် ထိန်းသိမ်းပေးနိုင်တာပါ။ တစ်နည်းဆိုရရင် နှုတ်ခမ်းအပြင်ဘက်ကို လက်လွန်ပြီး ကျော်မဆိုးမိအောင် ထိန်းသိမ်းပေးနိုင်ပါတယ်။ ပုံဖော်ပြီးတဲ့ နှုတ်ခမ်းသားအပေါ်ကနေ နှုတ်ခမ်းဆိုးဆေးတောင့်နဲ့ ထပ်ပြီး ဆိုးရင်လည်း အဆင်ပြေပါတယ်။ အပေါ်က နှုတ်ခမ်းဆိုးဆေးတစ်ထပ် ပျက်သွားရင်တောင် ခဲတံအမျိုးအစား နှုတ်ခမ်းဆိုးဆေးက အောက်ခံအဖြစ် ကျန်ရစ်ခဲ့မှာမို့ နှုတ်ခမ်းဆိုးဆေးမညီမညာ ဖြစ်သွားတာမျိုးကို အလှမပျက်အောင် ထိန်းသိမ်းပေးနိုင်ပါသေးတယ်။ ဒီ့အပြင် နှုတ်ခမ်းဆိုးဆေး အဖြစ်လည်း သပ်သပ်အသုံးပြုနိုင်ပါတယ်။


နေလောင်ခံ အသားအရေမျိုးရဖို့ ခြယ်သမှု (Bronzer)


နေလောင်ပြီး ညိုစိမ့်တဲ့ အသားအရေရဖို့အတွက် သုံးတဲ့ အလှကုန်ပစ္စ္စည်းဖြစ်ရုံမက နုပျိုလန်းဆန်းပြီး ကျမ်းမာစိုပြေတဲ့ အသွင်ကို ဆောင်စေပါတယ်။ တကယ်တော့ နေရောင်ခံစရာမလိုဘဲ နေရောင်ခံထားတဲ့ မျက်နှာအလှမျိုးဖြစ်အောင် မိတ်ကပ်နဲ့ ပြုပြင်ခြယ်သခြင်းပဲ ဖြစ်ပါတယ်။ ဒီပ္စ္စည်းကို ပေါင်ဒါ အနေနဲ့ရော ခရင်မ်အနေနဲ့ပါ နှစ်မျိုးနှစ်စား ထုတ်လုပ်ထားပါတယ်။


ပေါင်ဒါဘရွန်ဇာ (Powder Bronzer)
ပေါင်ဒါဘရွန်ဇာဟာ ပေါင်ဒါ အမျိုးအစား ပါးနီဆိုးဆေးနဲ့ ဆင်တူပြီး လူကြိုက်အများဆုံးဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ခြယ်သရာမှာ လွယ်ကူတဲ့အပြင် နုညက်နေအောင် စွဲတင်နေ တာကြောင့် ဖြစ်ပါတယ်။ အမှုန့်ဖြစ်တဲ့အတွက် ကြောင့် ဘူးနဲ့ရော စည်ပိုင်းလေးလိုပုံစံနဲ့ပါ မျိုးစုံထုတ်လုပ်ထားလို့ သယ်ပိုးရ၊ လိမ်ခြယ်ရလွယ်ကူစေတာပါ။ မျက်နှာပြင်ပေါ်က လိမ်းလိုတဲ့နေရာကို စုတ်တံနဲ့ အသာတကြည်လိမ်းခြယ်ပေးလိုက်မယ်ဆိုရင် စိုပြေ လန်းဆန်းတဲ့ အသားအရေကို ရရှိနိုင်မှာ ဧကန်ဖြစ်ပါတယ်။ ဖျော့ပြီး နီညို ရောင်ရှိတဲ့ ပေါင်ဒါအမျိုးအစားဟာ နေပူထဲသွားတဲ့အခါ နေရောင် တိုက်ရိုက် ထိတွေ့နိုင်တဲ့ နေရာမျိုး  ( နဖူး၊ ပါးရိုး၊ နှာတံနဲ့ လည်းပင်း) တွေမှာ လိမ်းခြယ်ပေးလိုက်မယ်ဆိုရင် နေရောင်ခံထားသလို မျက်နှာရဲ့အလှကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

ခရင္မ္ဘရြန္ဇာ (Crème Bronzer)
ခရင်မ်အနေနဲ့ ထုတ်လုပ်ထားတဲ့ ဘရွန်ဇာကတော့ နီညိုရောင်ဖျော့ ပေါင်ဒါ မှုန့် ( bronzing powder) နဲ့ ဆင်တူပါတယ်။ ဒီခရင်မ်အမျိုးအစားဟာ နေရောင်ခံ ထားတဲ့ မျက်နှာအသွင်အပြင်မျိုးဖြစ်အောင် ဖန်တီးပေးနိုင်ပါတယ်။ ထုတ်လုပ်တဲ့ နေရာမှာလည်း ဘူးအသွင်နဲ့ရော အတောင့်အနေနဲ့ပါ တွေ့နိုင်ပါတယ်။ ခြောက်သွေ့တဲ့ အသားအရေအမျိုးအစားတွေအတွက် အလွန်မှ အသုံးတည့်ပါတယ်။ အောက်ခံမိတ်ကပ် မလိမ်းလိုတဲ့အခါမျိုးမှာ အသားအရေကိုလည်း တောက်တောက်ပပနဲ့ ပန်းရောင်သွေးလေးလို လှပနေစေလိုတယ်ဆိုရင်တော့ ခရင်မ်ဘရွန်ဇာကို နည်းနည်းပိုပြီး လိမ်းခြယ်ပေးရပါမယ်။ လိမ်းခြယ်ရာမှာလည်း လက်ချောင်းကလေးနဲ့၊ ဒါမှမဟုတ် ရေမြှုပ်နဲ့ပဲဖြစ်ဖြစ် လိမ်းခြယ်ရမှာ ဖြစ်ပါတယ်။
 


ပါးနီ (Blush)
ဒီကနေ့ ခေတ်အခါမှာ မိတ်ကပ်လိမ်းခြယ်တဲ့ နည်းစနစ်တွေဟာ အရင်ခေတ်ကနဲ့ မတူဘဲ များစွာ ခြားနားသွားပြီဖြစ်လို့ မျက်နှာပေါ်က အားနည်းချက်၊ ချို့ယွင်းချက်တွေကို ပျောက်ကွယ်အောင် လိမ်းခြယ်တဲ့နေရာမှာ အသားအေ၇ာင်နဲ့ တစ်ထပ်တည်းကျပြီး ထိန်းညှိလိမ်းခြယ်တဲ့ နည်းမျိုးတွေအစုံအလင် ရှိကြပါတယ်။ ဒီလိုလိမ်းခြယ်တဲ့အခါမှာ မိမိလိမ်းခြယ်ထားတဲ့ မိတ်ကပ်နဲ့ လိုက်ဖက်မှုရှိအောင် ပါးနီအမျိုးအစားကို မှန်ကန်အောင်ရွေးချယ်ဖို့ လိုအပ်လှပါတယ်။
ပါးနီဆိုးဆေး ခြယ်သရာမှာလည်း လေးမျိုးလေးစားကွဲပြားခြားနားပါတယ်။ မိမိအသားအရေ၊ လိမ်းခြယ်ထားတဲ့ မိတ်ကပ်စတာတွေနဲ့ လိုက်ဖက်မှုရှိတဲ့ ပါးနီမျိုးကို ရွေးချယ်ရမှာဖြစ်သလို သုံးစွဲသူတို့ရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီအောင် အနေအထား အမျိုးမျိုးနဲ့ ထုတ်လုပ်ထားတာတွေလည်း တွေ့ရပါတယ်။

ပေါင်ဒါ  အမျိုးအစားပါးနီဆိုးဆေး (Powder Blush)
ပါးနီဆိုးဆေးအမှုန့်ကတော့ အရောင်ထွက်တဲ့ပစ္စည်းနဲ့ ဖော်စပ်ပြုပြင်ထားတာအရင်းခံပါပဲ။ ဒီအမျိုးအစားဟာ လိမ်းခြယ်တဲ့နေရာမှာ လွယ်ကူပြီး လူသိများသော ကြောင့် ရေပန်းအစားဆုံးလည်း ဖြစ်ပါတယ်။ ပါးနီခြယ်သဖို့အတွက် အထူးပြုလုပ်ထားတဲ့၊ နူးညံ့တဲ့စုတ်တံ (Brush)ကို အသုံးပြုရပါတယ်။ အဲဒီစုတ်တံနဲ့ တို့ယူပြီး လိမ်းခြယ်ပေးရတာပါ။ ပေါင်ဒါပါးနီဆိုးဆေးဟာ ဘယ်အသားအရေမျိုးနဲ့မဆို လိုက်ဖက်ပါတယ်။  အဆီထွက်များတဲ့ အသားအရေရှိသူတွေအတွက် ပေါင်ဒါပါးနီ ဆိုးဆေးသုံးတာ အကောင်းဆုံးပါပဲ။ ဒီပါးနီရဲ့အားနည်းချက်က လိမ်းခြယ်တာ လက်လွန်သွားရင် ပြန်လျှော့ဖို့မလွယ်တာကြောင့် စုတ်တံနဲ့ တို့ယူတဲ့အခါမှာ ပါးနီမှုန့်တွေများသွားရင် လက်နဲ့ အသာလေးတောက်ပစ်ပြီးမှ လိမ်းခြယ်တာ အကောင်းဆုံးပါ။ ခြယ်သရာမှာလည်း ညီညာပြန့်ပြူးအောင် ပါးပြင်အလယ်နေရာ လောက်ကနေစပြီး အစွန်းဘက်ဆီကို စက်ဝိုင်းပုံ လိမ်းခြယ်သွားပေးရပါမယ်။

ခရင်မ်ပါးနီဆိုးဆေး(Crème Blush)
အရောင်ထွက်တဲ့ပစ္စည်းတွေနဲ့ ခရင်မ်ကို အခြေခံဖော်စပ်ထားတာဖြစ်လို့ ဒီလို ပါးနီမျိုး လိမ်းခြယ်ခြင်းအားဖြင့် လန်းဆန်းစိုပြေပြီး မျက်နှာကို ၀င်းပရုံသာမက လှပတောက်ပြောင်နေစေပါတယ်။ ခရင်မ်ပါးနီကို လိမ်းခြယ်မယ်ဆိုရင် လက်နဲ့ အသာတို့ယူပြီး ပါးပေါ်မှာ ခပ်ပြေပြေလေး ဆိုးပေးရပါမယ်။ အသားအရေ မပျက်စီး၊ တွန့်မသွားအောင် အာက်ကအထက်ကိုပင့်ပြီး လိမ်းခြယ်ပေးပါ။  နေလောင်ခံထားရသူတွေအတွက် သင့်တော်တဲ့ ပါးနီမျိုးပါ။ ခြောက်သွေ့တဲ့ အရေးအကြောင်းတွေပေါ်ကို လိမ်းခြယ်ရင် မညီမညာဖြစ်နေမှာမျိုး စိုးရိမ်စရာမရှိဘဲလွယ်ကူချောမွေ့နိုင်ပါတယ်။ ဒါပေမယ့် အဆီထွက် များတဲ့ သူတွေအတွက်တော့ ခရင်မ်ပုံစံ ပါးနီဆိုးတာဟာ အဆင်မပြေပါဘူး။ မျက်နှာပေါ်မှာ အဆီတွေ နဲ့ရောပြီး ပြောင်လက်နေတက်လို့ပါပဲ။ လိမ်းခြယ်ရာ မှာ လက်ချောင်းလေးနဲ့ ဒါမှမဟုတ် ရေမြှုပ် (sponge)နဲ့ လိမ်းခြယ်တာဟာ အသားထဲထိအောင် စိမ့်ဝင်သွားရုံမက စိုပြေ၀င်းပတဲ့ အသွင်ကိုလည်း ဖြစ်ပေါ်စေပါတယ်။

ဂျဲလ်ပါးနီ (Gel Blush)
ဂျဲလ်ပါးနီ ဟာလည်း အခြေခံအားဖြင့် အရောင်ထွက်တဲ့ပစ္စည်း တွေနဲ့ ထုတ်လုပ်ထားတဲ့ အပြင် ဆီလီကွန် (Silicon) ပါဝင်ဖွဲ့စည်းဖော်စပ်ထားတာ ဖြစ်ပါတယ်။ အထူးအလည် ဘာမှမလိမ်းခြယ်ရသေးတဲ့ အသားအရေပေါ်မှာ လိမ်းရင်တောင် ချောမွတ်လှပါ ကောင်းမွန်စေတာပါ။ တစ်နည်းပြောရရင်  မျက်နှာမှာ အောက်ခံမိတ်ကပ်တွေ လိမ်းမထားဘဲ အစိုဓါတ်ထိန်းဆေး (moisturizer) ဒါမှ မဟုတ်ဘာတစ်ခုမှ လိမ်းမထားတဲ့အခါတွေမှာ ဂျဲလ်ပါးနီကို လိမ်းခြယ်ပေးရင်တောင် သဘာဝအတိုင်း လှပ၀င်းလက်နေတာ မျိုးပါ။ ဒီ့အပြင် မျက်နှာမှာ ပါးနီလိမ်းပြီး အရောင်ထပ်ဖြည့် ထားမှန်း မသိရလောက်အောင် ပြေပြစ်တဲ့ ပါးနီအမျိုးအသားပါပဲ လိမ်းခြယ်ရာမှာလည်း ပါးအို့ပေါ်ကနေ စလိမ်းခြယ်ရင်း ဘေးဘက်နဲ့ အပြင်ဘက် နားသယ်စပ်အထိကို တဖြည်းဖြည်းချဲ့သွားပြီး ဂျဲလ်တွေ ခြောက်မသွားအောင် ခပ်မြန်မြန်လေး လိမ်းသွားရပါမယ်။ ဂျဲလ် ပါးနီဟာ နုနယ်ပျိုမြစ်တဲ့ အလှမျိုးကို ရရှိအောင် ပုံဖော်ပေးနိုင်ရုံမက သဘာဝကျအောင် လိမ်းခြယ်ရတာလည်း ခက်ခဲမှု မရှိပါဘူး။ အောက်ခံမိတ်ကပ်နဲ့အတူ လိမ်းခြယ်လို့ မရဘူးလို့တော့ မပြောနိုင်ပေမယ့် သေချာတာကတော့ ပေါင်ဒါမလိမ်းခင်မှာ ဆိုလို့ရတယ်ဆိုတာပါပဲ။  သဘာဝဆန်ဆန် လှပနေတာ ရယ်၊ ကြာရှည်ခံတာရယ် ၊ သုံးရတာလွယ်ကူတာရယ်တွေက အားသာချက်တွေပါပဲ။ ခြယ်သတဲ့အခါမှာ လက်ချောင်းလေးတွေနဲ့ပဲ ဖြစ်ဖြစ်၊ ရေမြှုပ်နဲ့ပဲဖြစ်ဖြစ်  အသားထဲ အထိ စိမ့်ဝင်ချောမွေ့သွားအောင် လိမ်းခြယ်ပေးနိုင်ပါတယ်။

ပါးနီဆိုးဆေးအရည် (Liquid Blush)
အရည်အမျိုးအစားအနေနဲ့ အသားပေါ်မှာ ဆိုးခြင်းဖြစ်ပါတယ်။ အသားရောင်မရွေးဘဲ ဘယ်လိုအသားရောင်မျိုးမဆို အံ့သြလောက်အောင် ခြယ်သနိုင်တာပါပဲ။ ဂျဲလ်ပါးနီလိုပဲ ခြယ်သနိုင်ပေမယ့် သူက တော့ ပိုခက်ခဲပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အရည်အသွေးကောင်းအောင် သဘာဝကျကျ အရောင်အဆင်း မြန်မြန်ပေါင်းစပ်စေဖို့ ညီညာသွားတဲ့အထိ ခြယ်သပေးရလို့ပဲ ဖြစ်ပါတယ်။ ဒီအမျိုးအစားက ရေစိုလည်းခံ၊ ကြာရှည်လည်းခံ တာကြောင့် သုံးစွဲသူအကြိုက်များပါတယ်။ ခရင်မ်နဲ့ ဂျဲလ်ပါးနီတို့လိုပဲ လက်ချောင်းလေးတွေနဲ့၊ ရေမြှုပ်နဲ့ အားထဲဝင်အောင် ခြယ်သပေးနိုင်တာပါပဲ။ ဒီလိုမှ လိမ်းခြယ်ပေးလိုက်တဲ့ပါးနီဟာ မျက်နှာပေါ်မှာ ပြေပြစ်လှပနေမှာ ဖြစ်ပါတယ်။









ခပ်မှိန်မှိန်ခြယ်သမှု ( Matte)
မှိန်မှိန်ပြေပြေ အရောင်လေး ခြယ်သမှုဟာ အကောင်းဆုံးဖြစ်သလို ကြည့်ရတာလည်း သဘာဝ ဆန်တဲ့ ဖန်တီးမှုတစ်ခုလို့ ဆိုရပါမယ်။ ဒါ့အပြင် မလင်းမမှိန် အလယ်အလက် လိမ်းခြယ်မှုအတွက်လည်း အကောင်းဆုံးအပြီးသတ်လိမ်းခြယ်မှုလို့ ဆိုနိုင်ပါတယ်။ ဘာ့ကြောင့် ဒီလို ပြောရသလဲဆိုရင် သဘာဝဆန်တဲ့ ရုပ်သွင် အနေအထားအတိုင်း ဖြစ်နေလို့ပါပဲ။ များသောအားဖြင့် အရောင်ထွက်တဲ့ ပစ္စည်းတွေပါဝင်တာကြောင့် ပုံပေါ်အောင် အပြီးသတ် ခြယ်သတဲ့အခါမှာ မျက်လုံးကို ကြည့်ကောင်းအောင် ပေါ်လွင်ထင်ရှားစေလို့ပဲ ဖြစ်ပါတယ်။

တောက်တောက်ပပခြယ်သမှု (Shimmer)
ဝင်းလက်တောက်ပတဲ့ မျက်ဝန်းလှပစေဖို့ အထူးတလည် လိမ်းခြယ်ထားခြင်းဖြစ်တာကြောင့် အရောင်ကို သိမ်းသပ်ရာမှာ အသားအရေအတွင်း ထိအောင်ထိုးဖောက်ပြီး မြင်တွေ့နိုင်တာပါ။ တောက်တောက်ပပ မျက်လုံးရှဲဒိုး ခြယ်သမှုဟာ ပြိုးပြိုးပျက်ပျက်နဲ့ ၀င်းလက်တဲ့အရောင်ဖြစ်ဖို့ ခြယ်သရာမှာလည်း သိမ်မွေ့ညင်သာပြီး ဆန်းသစ်နေတာပါ။ မျက်လုံးကို ပေါ်လွင်ထင်ရှားစေတဲ့ နည်းလမ်းဖြစ်ပါတယ်။ အရောင်အားကောင်းစေဖို့အရောင်ရင့်တွေကို ကောက်ကြောင်းတွေရဲ့အပေါ်ကပ်ရက်နေရာမှာ ခြယ်သထားတာပါ။ အသက်အရွယ်ကြီးသူတွေရဲ့ အသားအရေအတွက် အပြစ်အနာကင်းစေပါတယ်။  ပေါ်လွင်ထင်ရှားစေတဲ့အခါမျိုးမှာ မျက်ဝန်းတ၀ိုက်ကို အရောင်ဖျော့ဖျော့နဲ့ ခပ်ပြေပြေလေး အသားပေးခြယ်သပေးရပါတယ်။ ဒီလိုခြယ်သလိုက်ခြင်းကြောင့် မျက်လုံးကိုပိုပြီး ထင်ရှားသွားစေရုံသာမက ကြည့်ရတာအမြင်ထူးခြားပြီး တစ်မျိုးဆန်းသစ်နေပါတယ်။ အရောင်ရင့်ရင့်နဲ့ တောက်တောက်ပပ ထူပိန်းပိန်း ရှဲဒိုးခြယ်သမှုမျိုးဟာ ပြဇာတ်ကတဲ့သူတွေလို ခြယ်သတာဖြစ်လို့ နှစ်မြို့ဖွယ်မရှိစေပါဘူး။

ရွှန်းလက်တောက်ပခြယ်သမှု (Frost)
ရွှန်းလဲ့တောက်ပတဲ့ မျက်ဝန်းအလှရရှိဖို့က ရှဲဒိုးအရောင် တဖျက်ဖျက် တလက်လက်၊ ဒါမှမဟုတ် ငွေရောင် ပြိုးပြိုးပျက်ပျက်လိုဟာမျိုးကို ခြယ်သပေးခြင်း ဖြစ်ပါတယ်။ ဒီလိုခြယ်သပေးခြင်းဟာ လိမ်းပြီးသားအသားအရေကို ဖုံးအုပ် ဖျောက်ကွယ်ထားခြင်းပါပဲ။ ငယ်ရွယ်သူတွေအတွက် ကြည့်ကောင်းပေမယ့် အသက်အရွယ်ကြီးသူတွေအတွက် သုံးဖို့ မသင့်တော်ပါဘူး။

တောက်ပခြင်းနည်းတဲ့ ခြယ်သမှု ( Satin)
မှေးမှိန်တာနဲ့ တောက်ပလင်းလက်တာရဲ့ကြားက အဆင်အပြေဆုံး ရှဲဒိုးဟာပိုးသားလို နူးနူးညံ့ညံ့ ဖြစ်နေတဲ့ မလင်းမမှိန် တောက်ပခြင်းကင်းတဲ့ ရှဲဒိုးပဲဖြစ်ပါတယ်။ ခပ်မှိန်မှိန်ခြယ်သမှု (matte) ထက်တော့ အနည်းငယ်ပိုပြီး တောက်ပပေမယ့် လင်းလက်တောက်ပ ခြယ်သမှု (shimmer)လောက်တော့ တောက်ပတာမျိုး လည်းမဟုတ် ပါဘူး။ အသက်ကြီးသူတွေရဲ့ အသားအရေအပါအ၀င် ဘယ်အသားအရေမျိုးတွေမှာမဆို အပြီးသတ် ခြယ်သပေးဖို့ ကောင်းမွန်ပါတယ်။


 
မျက်ဝန်းရှဲဒိုး (Eye Shadow)
မျက်လုံးရဲ့ အလှကို ပေါ်လွင်အောင် ဖြည့်စွတ်ပေးနိုင်တဲ့ မျက်ခွံဆိုးဆေးတွေ (eye shadow) ကို အသွင်လေးမျိုး၊ အနေအထား အဖုံဖုံ ၊ အရွယ်အစားစားနဲ့ တွေ့မြင်နိုင်ပါတယ်။
ပေါင်ဒါရှဲဒိုး (Powder)
မျက်ဝန်းရှဲဒိုးပေါင်ဒါ ခြယ်သရာမှာ ပြေပြေလေး ဖို့တာနဲ့ ဖိပြီးဆွဲလိမ်းတာဆိုပြီးနှစ်မျိုးရှိပါတယ်။ ဒီနည်းနှစ်မျိုးစလုံးဟာ မှိန်တဲ့အရောင်ကနေ တောက်ပ ၀င်းလက်တဲ့ အထိကို ခြယ်မှုန်းလို့ရသလို ခပ်ပြေပြေလေး သဘာဝနဲ့ ကင်းကွာမသွားအောင် ခြယ်မှုန်းလို့လည်းရပါတယ်။ လိမ်းခြယ်တဲ့အခါမှာလည်း လွယ်ကူ၊သုံးစွဲသူတိုင်းရဲ့ အသားအရည်နဲ့လည်း လိုက်ဖက်လို့ ဒီအမျိုးအစားကို လူကြိုက်အများဆုံးဖြစ်ပြီး သုံးစွဲရာမှာလည်း အဆင်ပြေတာ များပါတယ်။ ပေါင်ဒါမှုန့် မျက်လုံးရှဲဒိုးကို လိမ်းခြယ်တဲ့ အခါမှာ စုတ်တံကိုသာ အသုံးပြု ရပါတယ်။ မျက်ခွံရဲ့ ဧရိယာဘယ်လောက်ပဲ ကျယ်ကျယ် အကျယ်ပြန့်ဆုံးနေရာကို ဖုံးအောင် စုတ်တံအသုံးပြုပြီး လိမ်းခြယ်နိုင်ပါတယ်။ အရောင်ခပ်များများ သုံးပြီး လိမ်းခြယ်ရင် အကောင်းဆုံးပါပဲ။ တစ်ထပ်ပြီးတစ်ထပ်အရောင်ရတဲ့အထိ လိမ်းခြယ်လို့ကတော့ လှပတဲ့ မျက်ဝန်းလေး ဖြစ်လာမှာပါ။
ရှဲဒိုးအရည် (Liquid)
ပုလင်းသေးသေးနဲ့ ထုတ်လုပ်ထားပြီး လိမ်းခြယ်ဖို့ ထိပ်က ရေမြှုပ်ပါတဲ့ စုတ်တံ တွဲထားပါတယ်။ ရှဲဒိုးအရည်ဟာ လိမ်းခြယ်ရာမှာ ချောမွေ့ပြီး အလွယ်တကူ မပျက်စေနိုင်ပါဘူး။ ရေမြှုပ်ပါတဲ့ စုတ်တံနဲ့ သုံးရတဲ့အတွက် လွယ်ကူရုံမက တိတိကျကျလည်း လိုသလို ဆွဲလို့ရပါတယ်။ ဒီမျက်လုံးရှဲဒိုးအရည်ကို မျက်လုံးလိုင်နာ(eye liner)အတွက်လည်း အသုံးပြုနိုင်ပါတယ်။ ရှဲဒိုးအေ၇ာင်တွေ ပါပြီး သားဖြစ်လို့ ခပ်ပြေပြေလေး သုံးရင်ကိုပဲ ကြည့်လို့ လှနေပါပြီ။
ခရင်မ်ရှဲဒိုး (Crème)
ခရင်မ်ရှဲဒိုးကတော့ မှိန်စေလိုရင်ပဲ ဖြစ်ဖြစ်၊ ၀င်းလက်တောက်ပလိုရင်ပဲ ဖြစ်ဖြစ်သုံးနိုင်ပါတယ်။အဆီကိုအခြေခံပြီး ထုတ်လုပ်ထားတာပါ။ အိုးပုံစုံ ဘူးလေးနဲ့ ဖြစ်စေ၊ ဘူးအပြားလေးနဲ့ ဖြစ်စေ၊ သွားတိုက်ဆေးဘူးလို ညှစ်လို့ရတဲ့ပုံစံမျိုးနဲ့ ထည့်သွင်းထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ စုတ်တံ ဒါမှမဟုတ် လက်ဖျားလေးနဲ့ လိမ်းခြယ်နိုင်ပါတယ်။ တချို့ ခရင်မ်တွေဟာ ဖိဆွဲရတာကြောင့် အရေပြားကို တွန့်သွားစေနိုင်တာကိုတော့ အထူးသတိထားရမှာဖြစ်ပါတယ်။ ဘယ်လိုဖြစ်ဖြစ် လိမ်းခြယ်မှုအပြီးမှာတော့ ခရင်မ်ရှဲဒိုးဟာ ဆိုးပြီးတာနဲ့ ခြောက်သွေ့သွားပြီး မျက်နှာပြင်ကို ကတ္တီပါလေးလို ချောမွေ့သွားစေတာပါ။ ခရင်မ်နဲ့ ပေါင်ဒါကိုရောပြီး သုံးစေခြင်းက မျက်လုံးရဲ့ သွင်ပြင်ကို ပေါ်လွင်ထင်ရှားစေပါတယ်။ ပေါင်ဒါလိုပဲ အခြောက်မြန်စေပါတယ်။ အစိုဓါတ်အထူးလိုအပ်နေတဲ့ အသားအရေမျိုး ၊ ခြောက်သွေ့အသားအရေမျိုးတွေအတွက် လိမ်းခြယ်ဖို့ကောင်းတဲ့ အမျိုးအစားလည်း ဖြစ်ပါတယ်။ လိမ်းခြယ်ရတာ လွယ်ကူမှုရှိပြီး ကြာကြာခံအောင် ပေါင်ဒါမှုန့်ရှဲဒိုးကို ထပ်မံလိမ်းခြယ်ပေးမယ်ဆိုရင် တစ်နေ့လုံးလှပနေမှာ မလွဲပါဘူး။
ခဲတံရှဲဒိုး (Pencil)
မျက်ဝန်းတ၀ိုက်မှာ ပုံဖော်ပြီးဆိုးတဲ့နေရာမှာ အသုံးဝင်ပါတယ်။ ထိပ်ဖျားချွန်ထက်နေတာကြောင့် ခြယ်သရာမှာ တိကျမှုရှိပါတယ်။ ခြယ်သမှု ပြီးသွားပြီး ဆိုရင်တော့ စွန်းထင်းနေတဲ့နေရာတွေကို လက်ချောင်းလေးနဲ့ ဖြစ်စေ၊ ရေမြှုပ်အတံလေးနဲ့ ဖြစ်စေ၊ စုတ်တံနဲ့ ဖြစ်စေ လိုအပ်သလို ပြုပြင်ဖန်တီးနိုင်ပါတယ်။ ဖယောင်းကို အခြေခံပြီး ထုတ်လုပ်ထားတာကြောင့် လည်း မျက်ခွံကို ချောမွေ့စေပါတယ်။ ခံတံရှဲဒိုးကို အရောင်အမျိုးမျိုး၊ စုံစုံလင်လင် ရရှိနိုင်အောင် သီးခြားစီ ထုတ်လုပ်ထားတာပါ။ မျက်ခမ်းတစ်လျှောက်မှာ ပုံဖော်ဆိုးနိုင်တဲ့ မျက်လုံးလိုင်နာ (eye liner) အဖြစ်ပါ အသုံးပြု နိုင်ပါတယ်။


မျက်လုံးလိုင်နာ (Eye Liner)
မျက်လုံးလိုင်နာ ခြယ်သဖို့ အခြေခံအားဖြင့် လေးမျိုးလေးစား ရှိပါတယ်။ လိုင်နာဆွဲတဲ့ နည်းအမျိုးမျိုးဟာ ဖက်ရှင် အပြောင်းအလဲနဲ့လည်း သက်ဆိုင်နေတက်ပါတယ်။ လိုင်နာဆွဲခြင်းရဲ့ အခြေခံစိတ်ကူးစိတ်သန်းကလည်း ဘယ်လိုမျက်လုံးပုံသဏ္ဍာန် နဲ့ အရွယ်အစားပဲဖြစ်ဖြစ် နှစ်မြို့ ဖွယ်ကောင်းအောင် ဖန်တီးပေးတာပါ။

လိုင်နာအရည် (Liquid)
အရည်အမျိုးအစားဖြစ်ပြီး သေးမျှင်တဲ့ လိုင်းဖော်ဆောင်နိုင်ပေမယ့် ကိုယ်တိုင်ဆွဲရာမှာ အခက်အခဲရှိတက်ပြီး ဆွဲလိုက်တဲ့ အနေအထားကို မကြိုက်လို့ ချက်ချင်းပြန်ဖျက်ဖို့ မလွယ်ပါဘူး။ ဒါ့အပြင် ကိုယ်တိုင်ဆွဲတဲ့အခါမှာ မျက်လုံးကို အောက်ငုံ့ ကြည့်ပြီး  လက်တစ်ဖက်နဲ့ မျက်ခွံကို တင်းနေအောင်ဆွဲထားပြီး ကျန်လက်နဲ့ မျက်ခွံ အရင်းပိုင်း မျက်တောင် နဲ့ ကပ်ရက်နေရာမှာ သေးမျှင်တဲ့ မျဉ်းကို အပြင်ထောင့်စွန်းအထိဆက်တိုက်ဆွဲသွားပါ။ လိုင်နာအရည်ဟာ ဆွဲထားရင် ကြာရှည်ခံတာကြောင့် အများအားဖြင့် အလှပညာရှင်တွေက အသုံးများတာဖြစ်ပါတယ်။ လိုင်နာအရည်ကို သေးသွယ်ကောင်းမွန်တဲ့ စုတ်တံ (brush) နဲ့ အသုံးပြုရတာကြောင့် ကြာကြာခံပြီး ကြည့်လိုက်ရင် မျက်လုံးအလှကို သိသာထင်ရှားစေတာပါ။ ဒီ့အပြင် မျက်လုံးအိမ်ရဲ့ ပုံသဏ္ဍာန်ကို ပိုမိုပေါ်လွင်စေပြီး မျက်လုံးကို ကျယ်ဝန်းသယောင် ဖြစ်စေတဲ့အတွက် လိုင်နာအရည်ဟာ ပိုသင့်တော်ပါတယ်။ လိမ်းခြယ်ရာမှာလည်း အပေါ်မျက်ခမ်းမှာသာလိမ်းခြယ်ပါ။ အောက်မျက်ခမ်းမှာ ဘယ်တော့မှ မလိမ်းပါနဲ့၊ ဘာဖြစ်လို့လဲဆိုတော့ သဘာဝမဆန်တဲ့အပြင် နှစ်လိုဖွယ်လည်း မရှိပါဘူး။

လိုင်နာအခဲ (Cake)
စိုထိုင်းထိုင်း စုတ်တံနဲ့ ဖိတို့ပြီး လိမ်းခြယ်အသုံးပြုရတဲ့ လိုင်နာအမျိုးအစားဖြစ်ပါတယ်။ လိုင်နာအရည်လို အကျိုးသက်ရောက်မှု ရှိပေမယ့် လွယ်လွယ်ကူကူနဲ့ ပိုပြီး ထိန်းသိမ်းနိုင်တာတစ်ခုတော့ သာပါတယ်။

ခရင်မ်လိုင်နာ (Crème)
ခရင်မ်လိုင်နာကတော့ အိုးပုံစံဘူးနဲ့ ထည့်ထားတာမျိုးဖြစ်ပြီး စွတ်စိုတဲ့ စုတ်တံ (brush) နဲ့ အသုံးပြုရပါတယ်။ သူလည်းပဲ လိုင်နာအရည်လို အကျိုးသက်ရောက်မှုရှိစေတာပါ။ မျက်ခွံတစ်ခု လုံးသုတ်လိမ်းဖို့ မလိုဘဲ လိမ်းခြယ်တဲ့အခါမှာလည်း မြန်မြန်ဆန်ဆန် ခြောက်သွေ့စေပြီး လွယ်လွယ်ကူကူ အသုံးပြုနိုင်ပါတယ်။

ခဲတံလိုင်နာ (Pencil)
လိုင်နာအမျိုးအစားတွေထဲမှာတော့ လိုင်နာအရည်ထက်စာရင် လိုင်နာခံတံကပိုပြီး သဘာဝဆန်ပါတယ်။ အများဆုံးအသုံးပြုတဲ့အပြင် ခြယ်သရာမှာလည်း အလွယ်ကူဆုံးပစ္စည်းဖြစ်ပါတယ်။ ခဲတံလိုင်နာတွေဟာ မျက်ခမ်းသားကို အသုံးပြုဖို့ အဆင်အပြေဆုံးပါ။ တချို့ ခြောက်သွေ့ပြီး မာကြောသလို တချို့က ချောမွတ်ပြီး ညက်ညောနေတာကြောင့် ခြယ်သရာမှာ အားစိုက်စရာမလိုပါဘူး။ လိုင်နာအားလုံးထဲမှာ ခံတံလိုင်နာကတော့ အသုံးပြုလို့လွယ်ကူပြီး မှားခဲ့ရင်လည်း ပြန်ပြင်ဖို့လွယ်တဲ့ အတွက် လူကြိုက်အများဆုံးလည်းဖြစ်ပါတယ်။ ခြောက်သွေ့တဲ့ ခဲ့တံလိုင်နာဟာ အရောင်ဖျော့ပြီး လူတိုင်းနဲ့ လိုက်ဖက်တာ များပါတယ်။ လိုင်နာခဲ့တံတွေဟာ များသောအားဖြင့် ဆီလီကွန်(silicon)ပါဝင်တာကြောင့် အသုံးပြုတဲ့နေရာမှာ ညက်ညောပြီး ချောမွေ့စေတာပါ။ သုံးရလွယ်တာကြောင့် ကြိုက်နှစ်သက်သူများပါတယ်။ ခရီးထွက်တဲ့ အခါမျိုးမှာတော့ များများစားစား ခြယ်သဖို့ မသင့်ပါဘူး။ လိုင်နာထူထူဆိုးခြင်းဟာ ရုပ်ရည်ကို ပိုပြီးရင့်ရော်စေပါတယ်။

မျက်တောင်ကော့ဆေး (Mascara)
မျက်တောင်ရဲ့ အလှ ပေါ်လွင်အောင် မျက်တောင်ကော့ဆေး mascara ကို ခြယ်သတော့မယ်ဆိုရင် မျက်တောင်တွေကို ပေါင်ဒါမှုန့် အနည်းငယ် တို့ထားတဲ့ စုတ်တံနဲ့ အရင်ဆုံးဖြီးထားပါ။ သည်လိုလုပ်ခြင်းဟာ masceara ခြယ်တဲ့အခါ ညီညာချောမွေ့စေဖို့ပဲ ဖြစ်ပါတယ်။
မျက်တောင်ကော့ အလှခြယ်သနည်း သုံးမျိုးရှိပါတယ်။

ထူထူလေးဖြစ်အောင် (Thickening)
မျက်တောင်ပါးသူတွေအတွက်  ထူအောင် အထူးထုတ်လုပ်ထားတဲ့ mascara အမျိုးအစား ဖြစ်ပါတယ်။ ဒီအမျိုးအစားမှာ ဆီလီကွန် ( silicon) ထည့်သွင်းထားတာဖြစ်လို့ မျက်တောင်ထူထူလေး လိုချင်သူတွေအတွက် အထူးသင့်တော်ပါတယ်။ မျက်တောင်တွေကို mascara နဲ့ ခြယ်သတော့မယ်ဆိုရင် အပေါ်မျက်တောင်တွေကို အရင်ဆုံး စပြီး ခြယ်ပေးရမှာဖြစ်ပါတယ်။ အပေါ်မျက်တောင်ကို mascara စပြီး ခြယ်သတဲ့အခါ မျက်လွှာချပြီး လိမ်းခြယ်ပေးရပါမယ်။ mascara လိမ်းခြယ်တဲ့ သုတ်လိမ်းတံ (wand) အဖျားလေးနဲ့ မျက်တောင်အရင်းကနေအဖျားထိအောင် သုတ်လိမ်းပေးပါ။ မျက်တောင် အတွင်းပိုင်းနေရာတွေကို ပါ နှံ့စပ်အောင် အပြင်ဘက်ကို ဦးတည်ပြီး သုတ်လိမ်းပေးရမှာ ဖြစ်ပါတယ်။ အောက်မျက်တောင်တွေကို ခြယ်တဲ့နေရာမှာလည်း မျက်တောင်အခြေအနေ အဖျားဘက်ကို တစ်ဖက်သတ် သုတ်လိမ်းပေးရပါမယ်။ ဒီလိုသုတ်လိမ်းနေချိန်မှာ မျက်လုံးကို အပေါ်ဘက်ကို ကြည့်ထားပေးရမှာပါ။ အထူးသတိထားရမှာကတော့ ဆေးမခြောက်ခင် ထပ်ထပ်ပြီး မလိမ်းမိစေဖို့ပါပဲ။ ဆေးခြောက်သွားပြီး လိုအပ်မှ နောက်တစ်ထပ် သုတ်လိမ်းပေးသင့်ပါတယ်။ မျက်တောင်လေးတွေကို ပေါ်လွင်စေချင်ရင် ထူထူလေး ဖြစ်နေချင်တယ်ဆိုရင် ဆေးခြောက်သွားမှ အထပ်ထပ်သုတ်လိမ်းဖို့ကို မမေ့ပါနဲ့။ ဒီနေရာမှာ ခပ်ထူထူလေးဖြစ်ဖို့ဆိုရင် အမွေးအမြင်ထူထဲတဲ့ သုတ်လိမ်းတံကို သုံးစွဲရမှာ ဖြစ်ပါတယ်။

ရှည်ရှည်သွယ်သွယ်ဖြစ်အောင် (Lengthening)
သဘာဝနဲ့ ဓာတုဗေဒဆေးပေါင်းစပ်ထားတဲ့ ဒြပ်ပေါင်း (plastic polymer) ပါဝင်တဲ့ အတွက် မျက်တောင်ထိပ်ဖျားလေးတွေမှာ တွယ်ဆက်ပြီး ရှည်ထွက်လာစေတာပါ။
မျက်တောင်အနေအထား တိုသူတွေအတွက် အထူး ထုတ်လုပ်ထားတဲ့ mascara ဖြစ်လို့ မျက်တောင်တွေကို ရှည်ထွက်လာသယောင် ဖန်တီး ပေးနိုင်ပါတယ်။
တနည်းအားဖြင့် ဆိုရရင် polymer ဒြပ်ပေါင်းကို mascara မှာ ထည့်သွင်းထုတ်လုပ်ထားတာကြောင့် မျက်တောင် အခြေမှာ သွားရောက်တွယ်ဆက်လို့ မျက်တောင်ကို ရှည်လာသလို ထင်ရအောင် ပြုပြင်ပေးလိုက်တာပါ။
ဆိုးတဲ့ အခါမှာလည်း မျက်တောင် အကျယ်အတိုင်းပဲ အဆုံးသတ် ဆိုးရပါတယ်။ ပိုပြီး ဆိုးစရာလည်း မလိုသလို လိုနေတာမျိုးလည်း မဖြစ်ပါစေနဲ့။ ဒီလို မပိုမလို ခြယ်သလိုက်ခြင်းအားဖြင့် ညီညာသပ်ရပ်ပြီး မျက်တောင်ရဲ့ အလှ ပေါ်လွင် ကော့ရွှန်းနေမှာ ဖြစ်ပါတယ်။


ပေါ်လွင်ထင်ရှားအောင် (Defining)
မျက်တောင် တစ်ချောင်းချင်းကို သီးခြားပေါ်လွင်စေဖို့ ခြယ်သခြင်း ဖြစ်ပါတယ်။ မျက်တောင်လေးတွေကို ဆေးခြယ်ပြီးလို့် ခြောက်သွားတဲ့အခါ မျက်တောင်တွေ ပူးကပ်မနေဘဲ တစ်ချောင်းချင်းစီ ဖြစ်နေဖို့နဲ့ သဘာဝကျအောင် မျက်တောင်ဖြီးတဲ့ ဘီးကလေးနဲ့ ဖြီးပေးရပါမယ်။ ဒီလို ခြယ်သခြင်းဟာ သူ့ပင်ကို သဘာဝအတိုင်း ဆေးမသုံးဘဲ လှနေတာလို့ စေပါတယ်။
မျက်တောင်ကော့ဆေးတွေဟာ များသောအားဖြင့် ရေစိုခံသော ဖော်စပ်ထားတာဖြစ်ပါတယ်။ ဒါကတော့ မျက်တောင်ကော့ဆေး (mascara) ရဲ့ ပျော့ကွက်ကတော့ ဖယ်ရှား ဖျက်ပစ်ဖို့ ခက်ခဲတဲ့အပြင် ဖျက်တဲ့အခါမှာလည်း နူးညံ့သိမ်မွေ့တဲ့ မျက်တောင်လေးတွေကို ပျက်စီးစေနိုင်ပါတယ်။ ထိခိုက်လွယ်တဲ့ မျက်လုံးပိုင်ရှင် တွေ အနေနဲ့ ရေစိုခံ mascara ကို မသုံးသင့်ပါဘူး။
မျက်တောင်ကော့ရာမှာ အသုံးပြုတဲ့ စုတ်တံ (brush) ဒါမှမဟုတ် သုတ်လိမ်းတံ လေးမျိုး လေးစားရှိပါတယ်။
Mascara အသုံးပြုတဲ့အခါ မျက်တောင်လေးတွေ  ကော့ပျံနေဖို့သုံးတဲ့ ပါးလျပြီး လခြမ်းပုံ သုတ်လိမ်းတံဖြစ်ပါတယ်။
မျက်တောင်တစ်ချောင်း ချင်းစီရဲ့ မျက်တောင်တိုင်းကို ထူထဲအောင်ဆိုးလိုတယ်ဆိုရင် တုတ်ပြီးသွယ်လျတဲ့ ခပ်ကြမ်းကြမ်းသုတ်လိမ်းတံ ကို သုံးရပါမယ်။
ဝက်အူရစ်လို သေးသွယ်ပါးလျပြီး ခပ်တိုတို အမွေးကြမ်းစုတ်တံကတော့ မျက်တောင်အရင်းထိအောင် အပြီးသတ်ဆွဲနိုင်တာပါ။
အဖျားနှစ်ဘက် သွယ် ရှူးပြီး အနည်းငယ်ပိုသေးတဲ့ အမွေးကြမ်းကြမ်း သုတ်လိမ်းတံဟာ အလယ်ပိုင်းက ခပ်ပြည့်ပြည့်လေးဖြစ်နေပါတယ်။ မျက်တောင်တစ်ပင်ချင်းစီနဲ့ ကျိုးတိုးကျဲ တဲဖြစ်နေတဲ့ မျက်တောင်တွေကို ဒီမျက်တောင်ကော့ သုတ်လိမ်းတံ အသုံးပြုလိုက်တာနဲ့ အနည်းငယ်ထူထဲပြီးလှပသွားနိုင်ပါတယ်။
Mascaraလိမ်းခြယ်မယ်ဆိုရင် အကောင်းဆုံးကတော့ တစ်ထပ်တည်းထူထူလိမ်းတာက ပိုပြီးကောင်းမွန်တဲ့အပြင် မျက်လုံးအလှကို ရွှန်းလဲ့ တောက်ပလာစေပါတယ်။