Friday, January 16, 2015



ပါးနီ (Blush)
ဒီကနေ့ ခေတ်အခါမှာ မိတ်ကပ်လိမ်းခြယ်တဲ့ နည်းစနစ်တွေဟာ အရင်ခေတ်ကနဲ့ မတူဘဲ များစွာ ခြားနားသွားပြီဖြစ်လို့ မျက်နှာပေါ်က အားနည်းချက်၊ ချို့ယွင်းချက်တွေကို ပျောက်ကွယ်အောင် လိမ်းခြယ်တဲ့နေရာမှာ အသားအေ၇ာင်နဲ့ တစ်ထပ်တည်းကျပြီး ထိန်းညှိလိမ်းခြယ်တဲ့ နည်းမျိုးတွေအစုံအလင် ရှိကြပါတယ်။ ဒီလိုလိမ်းခြယ်တဲ့အခါမှာ မိမိလိမ်းခြယ်ထားတဲ့ မိတ်ကပ်နဲ့ လိုက်ဖက်မှုရှိအောင် ပါးနီအမျိုးအစားကို မှန်ကန်အောင်ရွေးချယ်ဖို့ လိုအပ်လှပါတယ်။
ပါးနီဆိုးဆေး ခြယ်သရာမှာလည်း လေးမျိုးလေးစားကွဲပြားခြားနားပါတယ်။ မိမိအသားအရေ၊ လိမ်းခြယ်ထားတဲ့ မိတ်ကပ်စတာတွေနဲ့ လိုက်ဖက်မှုရှိတဲ့ ပါးနီမျိုးကို ရွေးချယ်ရမှာဖြစ်သလို သုံးစွဲသူတို့ရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီအောင် အနေအထား အမျိုးမျိုးနဲ့ ထုတ်လုပ်ထားတာတွေလည်း တွေ့ရပါတယ်။

ပေါင်ဒါ  အမျိုးအစားပါးနီဆိုးဆေး (Powder Blush)
ပါးနီဆိုးဆေးအမှုန့်ကတော့ အရောင်ထွက်တဲ့ပစ္စည်းနဲ့ ဖော်စပ်ပြုပြင်ထားတာအရင်းခံပါပဲ။ ဒီအမျိုးအစားဟာ လိမ်းခြယ်တဲ့နေရာမှာ လွယ်ကူပြီး လူသိများသော ကြောင့် ရေပန်းအစားဆုံးလည်း ဖြစ်ပါတယ်။ ပါးနီခြယ်သဖို့အတွက် အထူးပြုလုပ်ထားတဲ့၊ နူးညံ့တဲ့စုတ်တံ (Brush)ကို အသုံးပြုရပါတယ်။ အဲဒီစုတ်တံနဲ့ တို့ယူပြီး လိမ်းခြယ်ပေးရတာပါ။ ပေါင်ဒါပါးနီဆိုးဆေးဟာ ဘယ်အသားအရေမျိုးနဲ့မဆို လိုက်ဖက်ပါတယ်။  အဆီထွက်များတဲ့ အသားအရေရှိသူတွေအတွက် ပေါင်ဒါပါးနီ ဆိုးဆေးသုံးတာ အကောင်းဆုံးပါပဲ။ ဒီပါးနီရဲ့အားနည်းချက်က လိမ်းခြယ်တာ လက်လွန်သွားရင် ပြန်လျှော့ဖို့မလွယ်တာကြောင့် စုတ်တံနဲ့ တို့ယူတဲ့အခါမှာ ပါးနီမှုန့်တွေများသွားရင် လက်နဲ့ အသာလေးတောက်ပစ်ပြီးမှ လိမ်းခြယ်တာ အကောင်းဆုံးပါ။ ခြယ်သရာမှာလည်း ညီညာပြန့်ပြူးအောင် ပါးပြင်အလယ်နေရာ လောက်ကနေစပြီး အစွန်းဘက်ဆီကို စက်ဝိုင်းပုံ လိမ်းခြယ်သွားပေးရပါမယ်။

ခရင်မ်ပါးနီဆိုးဆေး(Crème Blush)
အရောင်ထွက်တဲ့ပစ္စည်းတွေနဲ့ ခရင်မ်ကို အခြေခံဖော်စပ်ထားတာဖြစ်လို့ ဒီလို ပါးနီမျိုး လိမ်းခြယ်ခြင်းအားဖြင့် လန်းဆန်းစိုပြေပြီး မျက်နှာကို ၀င်းပရုံသာမက လှပတောက်ပြောင်နေစေပါတယ်။ ခရင်မ်ပါးနီကို လိမ်းခြယ်မယ်ဆိုရင် လက်နဲ့ အသာတို့ယူပြီး ပါးပေါ်မှာ ခပ်ပြေပြေလေး ဆိုးပေးရပါမယ်။ အသားအရေ မပျက်စီး၊ တွန့်မသွားအောင် အာက်ကအထက်ကိုပင့်ပြီး လိမ်းခြယ်ပေးပါ။  နေလောင်ခံထားရသူတွေအတွက် သင့်တော်တဲ့ ပါးနီမျိုးပါ။ ခြောက်သွေ့တဲ့ အရေးအကြောင်းတွေပေါ်ကို လိမ်းခြယ်ရင် မညီမညာဖြစ်နေမှာမျိုး စိုးရိမ်စရာမရှိဘဲလွယ်ကူချောမွေ့နိုင်ပါတယ်။ ဒါပေမယ့် အဆီထွက် များတဲ့ သူတွေအတွက်တော့ ခရင်မ်ပုံစံ ပါးနီဆိုးတာဟာ အဆင်မပြေပါဘူး။ မျက်နှာပေါ်မှာ အဆီတွေ နဲ့ရောပြီး ပြောင်လက်နေတက်လို့ပါပဲ။ လိမ်းခြယ်ရာ မှာ လက်ချောင်းလေးနဲ့ ဒါမှမဟုတ် ရေမြှုပ် (sponge)နဲ့ လိမ်းခြယ်တာဟာ အသားထဲထိအောင် စိမ့်ဝင်သွားရုံမက စိုပြေ၀င်းပတဲ့ အသွင်ကိုလည်း ဖြစ်ပေါ်စေပါတယ်။

ဂျဲလ်ပါးနီ (Gel Blush)
ဂျဲလ်ပါးနီ ဟာလည်း အခြေခံအားဖြင့် အရောင်ထွက်တဲ့ပစ္စည်း တွေနဲ့ ထုတ်လုပ်ထားတဲ့ အပြင် ဆီလီကွန် (Silicon) ပါဝင်ဖွဲ့စည်းဖော်စပ်ထားတာ ဖြစ်ပါတယ်။ အထူးအလည် ဘာမှမလိမ်းခြယ်ရသေးတဲ့ အသားအရေပေါ်မှာ လိမ်းရင်တောင် ချောမွတ်လှပါ ကောင်းမွန်စေတာပါ။ တစ်နည်းပြောရရင်  မျက်နှာမှာ အောက်ခံမိတ်ကပ်တွေ လိမ်းမထားဘဲ အစိုဓါတ်ထိန်းဆေး (moisturizer) ဒါမှ မဟုတ်ဘာတစ်ခုမှ လိမ်းမထားတဲ့အခါတွေမှာ ဂျဲလ်ပါးနီကို လိမ်းခြယ်ပေးရင်တောင် သဘာဝအတိုင်း လှပ၀င်းလက်နေတာ မျိုးပါ။ ဒီ့အပြင် မျက်နှာမှာ ပါးနီလိမ်းပြီး အရောင်ထပ်ဖြည့် ထားမှန်း မသိရလောက်အောင် ပြေပြစ်တဲ့ ပါးနီအမျိုးအသားပါပဲ လိမ်းခြယ်ရာမှာလည်း ပါးအို့ပေါ်ကနေ စလိမ်းခြယ်ရင်း ဘေးဘက်နဲ့ အပြင်ဘက် နားသယ်စပ်အထိကို တဖြည်းဖြည်းချဲ့သွားပြီး ဂျဲလ်တွေ ခြောက်မသွားအောင် ခပ်မြန်မြန်လေး လိမ်းသွားရပါမယ်။ ဂျဲလ် ပါးနီဟာ နုနယ်ပျိုမြစ်တဲ့ အလှမျိုးကို ရရှိအောင် ပုံဖော်ပေးနိုင်ရုံမက သဘာဝကျအောင် လိမ်းခြယ်ရတာလည်း ခက်ခဲမှု မရှိပါဘူး။ အောက်ခံမိတ်ကပ်နဲ့အတူ လိမ်းခြယ်လို့ မရဘူးလို့တော့ မပြောနိုင်ပေမယ့် သေချာတာကတော့ ပေါင်ဒါမလိမ်းခင်မှာ ဆိုလို့ရတယ်ဆိုတာပါပဲ။  သဘာဝဆန်ဆန် လှပနေတာ ရယ်၊ ကြာရှည်ခံတာရယ် ၊ သုံးရတာလွယ်ကူတာရယ်တွေက အားသာချက်တွေပါပဲ။ ခြယ်သတဲ့အခါမှာ လက်ချောင်းလေးတွေနဲ့ပဲ ဖြစ်ဖြစ်၊ ရေမြှုပ်နဲ့ပဲဖြစ်ဖြစ်  အသားထဲ အထိ စိမ့်ဝင်ချောမွေ့သွားအောင် လိမ်းခြယ်ပေးနိုင်ပါတယ်။

ပါးနီဆိုးဆေးအရည် (Liquid Blush)
အရည်အမျိုးအစားအနေနဲ့ အသားပေါ်မှာ ဆိုးခြင်းဖြစ်ပါတယ်။ အသားရောင်မရွေးဘဲ ဘယ်လိုအသားရောင်မျိုးမဆို အံ့သြလောက်အောင် ခြယ်သနိုင်တာပါပဲ။ ဂျဲလ်ပါးနီလိုပဲ ခြယ်သနိုင်ပေမယ့် သူက တော့ ပိုခက်ခဲပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အရည်အသွေးကောင်းအောင် သဘာဝကျကျ အရောင်အဆင်း မြန်မြန်ပေါင်းစပ်စေဖို့ ညီညာသွားတဲ့အထိ ခြယ်သပေးရလို့ပဲ ဖြစ်ပါတယ်။ ဒီအမျိုးအစားက ရေစိုလည်းခံ၊ ကြာရှည်လည်းခံ တာကြောင့် သုံးစွဲသူအကြိုက်များပါတယ်။ ခရင်မ်နဲ့ ဂျဲလ်ပါးနီတို့လိုပဲ လက်ချောင်းလေးတွေနဲ့၊ ရေမြှုပ်နဲ့ အားထဲဝင်အောင် ခြယ်သပေးနိုင်တာပါပဲ။ ဒီလိုမှ လိမ်းခြယ်ပေးလိုက်တဲ့ပါးနီဟာ မျက်နှာပေါ်မှာ ပြေပြစ်လှပနေမှာ ဖြစ်ပါတယ်။

0 comments :

Post a Comment