မိတ်ကပ်လိမ်းခြယ်တဲ့အခါမှာ အောက်ခံမိတ်ကပ်မပါရင် မိတ်ကပ်လိမ်းခြယ်တာ ပြည့်စုံမှာမဟုတ်ပါဘူး။ အရင်ဆုံး အောက်ခံမိတ်ကပ် တစ်ထပ်လိမ်းလိုက်တော့မှ မိတ်ကပ်ကို စွဲမြဲစေနိုင်ပြီး တာရှည်လဲခံပါမယ်။ အပေါ်က ထပ်လိမ်းလိုက်သမျှ ဟာလည်း ကွက်ခြင်း၊ မညီမညာ ဖြစ်ခြင်းဖြစ်ခြင်း ကင်းပြီး နဂိုသဘာဝအတိုင်း ချောမွေ့သွားစေမှာပါ။ မျက်နှာနဲ့လည်း လိုက်ဖက်မှုရှိပြီး မိမိ၏ ကိုယ်ပိုင်ဟန် နေထိုင်မှု (Life Style)၊ အလုပ်သဘောသဘာဝတို့နဲ့ စပ်ဟပ်မှုရှိတဲ့ အောက်ခံမိတ်ကပ် ဖွဲ့စည်းပုံကဟာ အကောင်းဆုံး အမျိုးအစား ဖြစ်ပါလိမ့်မယ်။ ခုလိုခေတ်မျိုးမှာ အောက်ခံမိတ်ကပ် အမျိုးမျိုး ဆန်းသစ်တီထွင် လာကြတာနဲ့ အမျှ ယေဘုရအားဖြင့် အမျိုးအစား (၈) မျိုး ရှိရာမှာ မိမိနဲ့ လိုက်ဖက်မဲ့ ကြိုက်နှစ်သက်ရာကို ရွေးချယ်သုံးစွဲ နိုင်ပါပြီ။
(1) အတောင့်ပုံစံ အောက်ခံမိတ်ကပ် (Stick)
နှုတ်ခမ်းဆိုးဆေးလို ထုတ်လုပ်ထားတဲ့ အတောင့်ပုံစံ အောက်ခံမိတ်ကပ် အမျိုးအစားပါ။ အတောင့် အမျိုးအစားဖြစ်တဲ့ အတွက်ကြောင့် မိတ်ကပ်တောင့်၊ နှုတ်ခမ်းနီတောင့်တို့ကို ဆွဲလိမ်းရလို့ အရေပြားထူတဲ့သူ၊ ကြမ်းတဲ့သူတွေ အသုံးများပါတယ်၊ မျက်နှာမှာ အပြစ်အနာရှိသူ၊ အထူးသဖြင့် အမာရွတ်နဲ့ ပွန်းပဲ့ဒဏ်ရာ ရှိသူတွေအဖို့ အကောင်းဆုံး ဖုံးအုပ်ပေးပြီး အသားအရေကို ညီညာ ချောမွေ့သွားစေပါတယ်။ မိတ်ကပ်အတောင့်ဟာ ဖုံးကွယ်မိတကပ် (concealer)လို လည်း အမည်းရောင်၊ အညိုရောင်အကွက်နဲ့ အစက် အပြောက်တွေကို ဖျောက်ပေးနိုင်ပါတယ်။ ပုံမှန် အသားအရေနဲ့ ခြောက်သွေ့အသားအရေ ရှိသူတွေအတွက် အလိုအပ်ဆုံးနဲ့ အကောင်းဆုံး ဖြစ်ပါတယ်။ ဒီအောက်ခံမိတ်ကပ် လိမ်းတဲ့အခါ ခဏချင်းနဲ့ ခြောက်သွေ့နိုင်ပါတယ်။ ၀င်းပကြည်လင်တဲ့ အသားအရေရှိသူတွေအဖို့ မျက်နှာပြင်ပေါ်မှာ အနည်းငယ် ထူပိန်းစေတဲ့အတွက် မသင့်တော်ပါဘူး။
(2) မိတ်ကပ်အရည်(Liquid)
မိတ်ကပ်အရည်ကတော့ လိမ်းခြယ်ရာမှာ အလွန်လွယ်ကူ ချောမွေ့ပြီး သဘာဝအသားအရေအတိုင်း ဖြစ်စေတဲ့အပြင် လူကြိုက်အများဆုံးနဲ့ အသုံးအများဆုံး ဖြစ်တာကြောင့် အထင်ရှားဆုံး ဖြစ်ပါတယ်။ အရည်ဖြစ်တဲ့အတွက် လိမ်းရတာ ခက်ခဲခြင်း မရှိရုံမက ဖိဆွဲပြီး ပွတ်လိမ်းရတာ မဟုတ်လို့ အသားအရေကို တွန့်ခြင်း မရှိတဲ့အပြင် မရွယ်မတိုင်ခင် ပါးရေတွန့်ခြင်းက ကင်းဝေးစေပါတယ်။ ဒီအောက်ခံမိတ်ကပ် အရည်ကို ပုလင်းနဲ့ရောပြွန် (tube)နဲ့ အလွယ်တကူ ၀ယ်ယူသုံးစွဲနိုင်ပါတယ်။ မျက်နှာလိမ်းခြယ်ပြီးတဲ့အခါ ကျပြန်တော့လည်း အစိုဓါတ်ထိန်း မိတ်ကပ်ထက် ပိုစွဲပေမယ့် ခရင်မ်လောက်တော့ မစွဲပါဘူး။
(3) ခရင်မ်မိတ်ကပ် (Creme)
ခရင်မ်အမျိုးအစား မိတ်ကပ်ဖြစ်လို့ လိမ်းခြယ်ရာမှာ ချောမွတ်ပြီး ဖြူဝင်းစေပါတယ်။ ခြောက်သွေ့တဲ့အသားအရေနဲ့ ပုံမှန်အသားအရေ ပိုင်ရှင်တွေအတွက် သင့်တော်ပါတယ်။ ခရင်မ်ဖြစ်လို့ ပွတ်ဆွဲပြီးလိမ်းရတာများရင် ပါးရေတွန့်လွယ်စေမှာ စိုးရိမ်ရပါတယ်။ ဒါပေမယ့် ပွတ်ဆွဲလိမ်းဖို့ မလိုတဲ့နည်းက စွတ်စိုနေတဲ့ ရေမြှုပ် (sponge) နဲ့ ခရင်မ်တို့ကိုယူပြီး ညီညာမျှတာအောင် ဆွဲလိမ်းပေးနိုင်ပါတယ်။ ရှင်းအောင်ပြောရရင် အသားပေါ်ကို ဆွဲလိမ်းစရာမလိုဘဲ ရေမြှုပ်ကြောင့် လွယ်လွယ်ကူကူ သက်သက်သာသာနဲ့ ညီညာအောင် ညှိဖို့ မခက်ခဲတော့တာပါ။
(4) အစိုဓါတ်ဖြည့်ပါဝင်တဲ့ မိတ်ကပ် (Mousse)
အမှန်တကယ်က ခရင်မ်အမျိုးအစား မပြစ်မကျဲ မပျော့မမာတဲ့ အနေအထားရှိပေမယ့် ကျစ်လစ်သိပ်သည်းမှုလည်းရှိပါတယ်။ ဒီ့အပြင် လိမ်းခြယ်တဲ့နေရာမှာ အသားထဲကို အလွယ်တကူ စိမ့်ဝင်စေတဲ့အတွက် အသုံးများပါတယ်။ အသားအရေက ခြောက်သွေ့တဲ့ အရေပြားမျိုး ဖြစ်နေတယ်ဆိုရင်တော့ အစိုဓါတ်မြန်မြန်လေး ဖြည့်စွမ်းပေးနိုင်တာပါ။ များသောအားဖြင့် အိုးပုံစံနဲ့ ထုတ်လုပ်ထားပြီး လိမ်းမယ်ဆိုရင် ရေမြှုပ်နဲ့တို့ပြီး မျက်နှာပေါ် အစက်ချလိမ်းခြယ်လို့ကတော့ အကောင်းဆုံး အနေအထားကို ရနိုင်မှာ မလွဲပါဘူး။ ဒီ့အပြင် အရွယ်ရင့်သူတွေအတွက် တခြားခရင်မ်မိတ်ကပ်တွေလို မဟုတ်ဘဲ အတွန့်အရေးကြောင်းတွေကို မပေါ်စေလို့ သုံးစွဲသင့်ပါတယ်။
(5) အစိုဓါတ်ထိန်းဆေး(Tinted Moisturizer)
အမှန်တကယ်က အစိုဓါတ်ထိန်းဆေးထည့်သွားထားပြီး အရောင်ကိုလည်း ပါတယ်ဆိုရုံလေးပါပြီး အောက်ခံမိတ်ကပ်အားလုံးထဲမှာအနူးအညံ့ဆုံးနဲ့ အတောက်ပဆုံးဖြစ်ပါတယ်။ မျက်နှာမှာ အစွန်းအထင်း၊ အစက်အပျောက် သိပ်မများသူတွေ သုံးစွဲဖို့ သင့်တော်ပါတယ်။ နူးညံ့လွန်းတဲ့အသားအရေ ကြည်လင်တဲ့ အသားအရေအတွက် လိမ်ခြယ်နိုင်ပါတယ်။ ငယ်ရွယ်သူတွေအတွက် ရည်ရွယ်တာပါ။ အထူးသဖြင့်ကတော့ နွေရာသီမှာ အသုံးပြုသင့်ပါတယ်။ အစိုဓါတ်ထိန်းဆေးလည်း မကျ၊ အောက်ခံမိတ်ကပ်လည်းမကျတဲ့ ကြားအနေအထား ထုတ်လုပ်ထားတာကြောင့် အသားအရေကို ချောမွေ့ ပြေပြစ်စေတာပါ။ မိတ်ကပ်လိမ်းခြယ်ရာမှာလည်း လွယ်ကူစွာ စိမ့်ဝင်ပြီး တာရှည်စွဲမြဲစေပါတယ်။
(6) ခရင်မ်ကနေ ပေါင်ဒါမှုန့်ကို ပြောင်းတဲ့ မိတ်ကပ် (Creme to powder)
အရည်ပုံစံ အောက်ခံမိတ်ကပ်နဲ့ အခဲအသွင် အောက်ခံမိတ်ကပ် အမျိုးအစား နှစ်မျိုးကြား က ခရင်မ်ပုံစံ ဖွဲ့စည်းမှုမျိုးနဲ့ ထုတ်လုပ်ထားပြီး လိမ်းရတာ လွယ်ကူ ရိုးရှင်းပါတယ်။ မျက်နှာပေါ်ကို ခရင်မ်မိတ်ကပ် လိမ်းခြယ်လိုက်ပြီး ခြောက်သွေ့သွားတဲ့အခါ ပေါင်ဒါလို ဖြစ်သွားလို့ အပြီးသတ်အနေနဲ့ ပေါင်ဒါထပ်လိမ်းစရာ မလိုတော့တာပါ။ ခြောက်သွေ့ အသားအရေနဲ့ အရေးအကြောင်းရှိသူတွေအတွက် အရှိကို အရှိအတိုင်းပေါ်လွင်စေတာမို့ မသုံးသင့်ပေမယ့် အဆီပြန်တက်သူတွေ အတွက်တော့ နှစ်လိုဖွယ်ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပေါင်ဒါမှုန့်ဟာ လွန်ကဲတောက်ပတာမျိုးကို ထိန်းသိမ်းထားနိုင်လို့ပဲဖြစ်ပါတယ်။
(7) ပေါင်ဒါအခဲ (Powder Compact)
အခဲအသွင် ဖွဲ့စည်းထားသော ပေါင်ဒါဖောင်ဒေးရှင်း အမျိုးအစားဖြစ်ပြီး ခြယ်သရာမှာ အဆင်ပြေလျင်မြန်လွယ်ကူစေရုံမက လိမ်းပြီးသားမျက်နှာနဲ့ အရည်အသွေးကိုလည်း အထူးပဲ ရွှန်းလက်စေပါတယ်။ ရိုးစင်းတဲ့ ပေါင်ဒါခဲအမျိုးအစားဖြစ်တာကြောင့်အစိုရော အခြောက်ပါ နှစ်မျိုးစလုံး ကြိုက်သလိုသုံးနိုင်ပါတယ်။ အခြောက်အမျိုးအစားပေါင်ဒါခဲကို သုံးခြင်းက လိမ်းပြီးသားမျက်နှာကို အနည်းငယ် ပိုပေါ်လွင်စေပါတယ်။ဒါကြောင့် ငယ်ရွယ်နုပျိုတဲ့ မိန်းကလေးတွေ အသုံးပြုတာ ပိုကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အဆီပါ ၀င်မှုနည်းပြီး ချွေးပေါက်ပိတ်ဆို့မှု မရှိစေတာကြောင့်ပါ။ စုပ်တံနဲ့ အသုံးပြုခြယ်သတာ ဟာ ရွှန်းလက်တဲ့ မျက်နှာကို ထွက်ပေါ်စေပါတယ်။ ရိုးရိုးရေမြှုပ်သုံးတာထက် စိုထိုင်းထိုင်းရေမြှုပ်ကို သုံးမယ်ဆိုရင်တော့ နောက်ထပ်ဘာမှလိမ်းခြယ်စရာမလိုဘဲ ရွန်းလဲ့ဝင်းပတဲ့ မျက်နှာလေးကိုရရှိစေပါတယ်။ ဒီ့အပြင် အရေနှင့် ခရင်မ် ဖောင်ဒေးရှင်း မိတ်ကပ်တွေ လိမ်ခြယ်ထားတာနဲ့ လည်း ဆင်တူပါတယ်။ သဘာဝဆန်တဲ့အလှကို နှစ်သက်သူတွေ သုံးစွဲနိုင်ပြီးပင်ကိုယ်အသားအရေကို ပါးပါးလေးနဲ့ ထွင်းဖောက်မြင်ရသလို အသွင်မျိုးဖော်ဆောင်ပါတယ်။ ကျစ်လျစ်သပ်ရပ်တဲ့ ဖွဲ့စည်းပုံမျိုး ရှိတာကြောင့် အထူအပါး ကြိုက်နှစ်သက်သလို လိမ်းခြယ်နိုင်ပါတယ်။ အပြီးသတ်လိမ်းခြယ်လိုတဲ့ အခါမျိုးမှာလည်း သုံးနိုင်ပါတယ်။ ဒီကနေ့ခေတ်မှာ သုံးရတာ အလွန်လွယ်ကူလို့ ပိုပြီး အသုံးများလာကြတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် အခဲအသွင် ဖွဲ့စည်းထားတဲ့ အောက်ခံမိတ်ကပ်ကို သုံးမယ်ဆိုရင် ရေမြှုပ်အစိုနဲ့ တစ်ချက်တည်း ညီညီညာညာဆွဲပြီးမှ ထပ်ညှိရပါမယ်။ ဒီတော့မှ အောက်ခံမိတ်ကပ်လိမ်းပြီးသား၊ ပေါင်ဒါတို့ပြီးသား၊ မိတ်ကပ်အဖွေးသားနဲ့ ညီညာချောမွေ့နေတဲ့ မျက်နှာအလှကို ရရှိမှာ ဖြစ်ပါတယ်.
(8) အရောင်ထွက်တဲ့သတ္တုဓါတ်ပါ ပေါင်ဒါ
ပေါင်ဒါအမှုန့် အမျိုးအစားဖြစ်ပြီး ဗိုက်တာမင်နှင့် သတ္တုဓါတ်တို့ ပါဝင်ဖွဲ့စည်းမှုကြောင့် အသားအရေကို စိုပြေလန်းဆန်းစေပါတယ်။ စုတ်တံ ဒါမှမဟုတ် ရေမြှုပ်တို့နဲ့ အသုံးပြုပြီး လိမ်ခြယ်ရမှာဖြစ်ပါတယ်။ မိတ်ကပ်ခြယ်သရာမှာ အပြီးသတ် လိမ်းခြယ်ခြင်းလည်းဖြစ်တယ်။ လိုအပ်တဲ့နေရာကိုဖြစ်စေ၊ မျက်နှာတပြင်လုံးကိုပဲ ဖြစ်စေ လိမ်းခြယ်နိုင်ပါတယ်။
3:13 PM
Unknown

0 comments :
Post a Comment